Sunday, June 14, 2015
ရွှေစည်းခုံစေတီတော် (Shwe Si Khone Pagoda, Bagan)
ရွှေစည်းခုံစေတီတော်
ရွှေစည်းခုံစေတီကို အေဒီ (၁၀၆၀)တွင် အနော်ရထာမင်း စတင်တည်ခဲ့ပြီး အပြီးမသတ်၍ ကျန်စစ်သားမင်း အေဒီ (၁၀၈၄ - ၁၁၁၃) က ဆက်လက်တည်ရာ အေဒီ (၁၀၉၀)တွင် ပြီးစီးခဲ့သည်။
အနော်ရထာမင်းသည် သရေခေတ္တရာရှိ ဒွတ္တဘောင်မင်းကြီး၏ စေတီကိုဖျက်၍ မြတ်စွာဘုရား၏ နဖူးသင်းကျစ်တော်နှင့် မြဆင်းတုတော်တို့ကို ယူဆောင်ကာ ရွှေစည်းခုံစေတီတွင် ဌာပနာခဲ့သည်။ ထို့ပြင် အနော်ရထာမင်းသည် သီဟိုဠ် (ယခုသီရိလင်္ကာ) ဘုရင် ၀ိဇယဘာဟု (၁) ဆက်သလိုက်သော စွယ်တော်ကိုလည်း ရွှေစည်းခုံစေတီတွင် ထပ်မံဌာပနာခဲ့သည်။
ရွှေစည်းခုံစေတီအောက်ခြေတွင် ပစ္စယံသုံးဆင့်ရှိပြီး ပစ္စယံသုံးဆင့်အထက်တွင် ရှစ်ထောင့်ကြာဝန်း ကျည်းဝန်း၊ ခေါင်းလောင်းပုံ၊ ရင်စည်း၊ သပိတ်မှောက်၊ ဖောင်းရစ် အဆင့်ဆင့်၊ ကြာမှောက်၊ ရွဲ၊ ကြာလန်၊ ပဉ္စ လောဟာချရားသီး၊ ထီးအဆင့်ဆင့်ဖြင့် တည်ဆောက်ထားသည်။ ရွှေစည်းခုံစေတီတော်၏ ပစ္စယံအဆင့်ဆင့်တွင် စဥ့်စိမ်းသုတ်အုပ်ချပ်များဖြင့် ပြုလုပ်ထားသော (၅၅၀) ဇာတ်များကို ဇာတ်အမည်၊ နံပါတ်များနှင့်တကွတွေ့ရသည်။
ရွှေစည်းခုံစေတီ၏ မျက်နှာလေးဘက်တွင် ကြေးဂူတိုက်လေးတိုက်ရှိပြီး ထိုတိုက်များထဲတွင် (၃.၉၀)မီတာ (၁.၂၈)ပေခန့်အမြင့်ရှိ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော် ကြေးဆင်းတု (အဘယမုဒြာနှင့် ၀ရဒမုဒြာ) များရှိသည်။ ပုဂံခေတ် ကြေးသွန်း ကြေးခတ်နည်း (ပန်းတည်းပညာ) ကို လေ့လာနိုင်သည်။
ရွှေစည်းခုံစေတီတော်၏ အရှေ့ဘက်မုခ်တွင် ရှေးမွန်ဘာသာဖြင့် ရေးထိုးထားသည့် ကျန်စစ်သားမင်း အေဒီ (၁၀၈၄ - ၁၁၁၃)၏ နန်းတက်အမိန့်တော် ပြန်တမ်းကျောက်စာတိုင် နှစ်တိုင်ရှိသည်။ ထိုကျောက်စာတွင် ကျန်စစ်သားမင်းသည် ဘုရားလက်ထက်၌ ဗိဿနိုးဖြစ်ခဲ့ပြီး နောင်အခါ အရိမဒ္ဒနပူရပြည်တွင် တရားစောင့်သော မင်းဖြစ်လာမည်ဟု ဘုရားက ဗျာဒိတ်ပေးခဲ့ကြောင်း၊ တိုင်းသူပြည်သားတို့ကို ကြင်နာစွာ အုပ်ချုပ်မည့်အကြောင်း ရေးထိုးထားသည်။
ဟံသာဝတီ ဘုရင့်နောင်ကျော်ထင်အနော်ရထာ အေဒီ (၁၅၅၀ - ၁၅၈၁) သည် ရွှေစည်းခုံစေတီကို ရွှေသင်္ကန်းကပ်ခဲ့ပြီးထိုအကြောင်းကို (၂၃) မေ၊ (၁၅၅၇)က လှူခဲ့သည့် (၂၁၀၀) ပိဿာ (၃.၁၈) တန်ရှိ ကုသိုလ်တော် ခေါင်းလောင်းစာတွင် ဖော်ပြခဲ့သည်။
ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း အေဒီ (၁၇၆၃ - ၁၇၆၆) သည် (၃၀) မေ၊ (၁၇၆၈) တွင် ရွှေစည်းခုံစေတီကို ထီးတော်တင်ပြီး ၄င်း၏အလှူဒါနကို ရေးထိုးထားသည့် မော်ကွန်း ကျောက်စာရှိသည်။ ရွှေစည်းခုံစေတီရင်ပြင်ရှိ အုတ်ဇရပ်အတွင်းရှိ ပုဂံခေတ်က ထုလုပ်ခဲ့သည့် ဗုဒ္ဓခြေတော်ရာ၊ သစ်သားပန်းပု၊ သိကြားရုပ်နှင့် သစ်သားပန်းပုတံခါးရွက်တို့ကို လေ့လာနိုင်သည်။ ရွှေစည်းခုံစေတီ ပန္နက်ရိုက်ရာ၌ အခြေပြုသည် ပန္နက်သဲဂူ၊ အုတ်ဇလားဂူတို့လည်း ရှိသည်။ ရွှေစည်းခုံစေတီသည် အတွင်းအံ့ကိုးပါး၊ အပြင်အံ့ကိုးပါးနှင့် ပြည့်စုံသည်ဟု ယုံကြည်ကြသည်။
အတွင်းအံ့ကိုးပါးမှာ -
၁။ ထီးတော်သည် ကြိုးမဆိုင်းရဘဲခိုင်မြဲခြင်း၊
၂။ စေတီ၏အရိပ်သည် တံတိုင်းအပြင်သို့မရောက်ခြင်း၊
၃။ စေတီ၏ထိပ်မှ ရွှေစက္ကူပစ်ချလျှင် အပြင်သို့မရောက်ခြင်း၊
၎။ စေတီ၏မဟာရံတံတိုင်းအတွင်း လူမည်မျှများများ ပြည့်ကျပ်မနေခြင်း၊
၅။ စေတီကို ဆွမ်းဦးအောင် မတင်နိုင်ခြင်း၊
၆။ စေတီ၏အမြင့်သည် အရှိထက်ပိုမြင့်သည်ဟု ထင်ရခြင်း၊
၇။ စေတီ၏ တစ်ဖက်မှတီးသောစည်သံကို အခြားတစ်ဖက်မှ မကြားရခြင်း၊
၈။ မဟာရံတံတိုင်းအတွင်း မိုးရေမတင်ခြင်း၊
၉။ စေတီရှိခရေပင်တို့သည် တစ်နှစ်ပတ်လုံးပွင့်ခြင်းတို့ဖြစ်ပြီး
အပြင်အံ့ကိုးပါးမှာ -
၁။ ဧရာဝတီမြစ်ကမ်းစပ်ရေစီးအတွင်း စွယ်တော်တင်လာသည့် ဆင်ဖြူတော်ဝပ်သည့်နေရာ သောင်ဖြစ်လာခြင်း၊
၂။ ထိုသဲသောင်တို့သည် ကျောက်ဖြစ်လာခြင်း၊
၃။ ဧရာဝတီမြစ်ရေသည် စေတီတော်ကို ဦးခိုက်ရစ်ဝဲစီးဆင်းခြင်း၊
၎။ မဟာရံတံတိုင်းသည် ရှစ်ပယ် (၁၄.၁၆) ဧက ကျယ်ဝန်းခြင်း၊
၅။ စေတီတည်ရာတွင် တုရင်းတောင်မှ ကျောက်များကို ပုဂံပြည်သူတို့လက်ဆင့်ကမ်းသယ်ခြင်း၊
၆။ ကျောက်သယ်သည့်သူများ အရိပ်ရရန်မန်ကျည်းပင်များ ချက်ခြင်းပေါက်ခြင်း၊
၇။ ကျောက်သယ်အပြီး မန်ကျည်းပင်များကွယ်ပျောက်ခြင်း၊
၈။ ရွှေစည်းခုံစေတီအရှေ့မျက်နှာစာ လှေကားအနီးရှိ ရေမှန်အတွင်း၌ စေတီအရိပ်ထင်ခြင်း၊
၉။ စေတီကို အဝေးမှကြည့်ပါက ကုန်းမြင့်ပေါ်တွင် တည်ထားသည်ဟု ထင်ရခြင်းတို့ ဖြစ်သည်။
ကိုးကား - ဦးမောင်မောင်-ရန်ကုန်တက္ကသိုလ် (ဘီအေ)သမိုင်း (မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ပုဂံစေတီပုထိုးများ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment