နံတော်စေတီတော်သမိုင်း
မြတ်စွာဘုရားရှင်သည် ထိုတန့်တော်မူဗာသုတတောင်တော်မှပင်လျှင် [ချစ်သား သာရိပုတ္တရား၊ ၀ါသုရတောင်မှ နှစ်ဂါဝုဒ်ခန့်အကွာတွင် (ရောဟကုဋပဗ္ဗတ) တောင်သည် ရှိ၏။ ထိုတောင်တော်၌ တစ်ဖန် ငါဘုရားရှင်သည် ရှေးအတိတ်ဘ၀က (ခါမင်း) တဇစ်ဖြစ်ခဲ့ဖူးလေသည်။ ထို့ကြောင့် ပင်လျှင် နောင်သောအခါ ထိုတောင်တော်၌ ငါဘုရား၏ (နံရိုးတော်ဓာတ်)ကို စေတီတည်ထားကြလေ၍ (နံတော်စေတီ) ဟူ၍ ခေါ်တွင်ကြလတ္တံ့] ဟူ၍ ဗျာဒိတ်ထားတော်မူလေသည်။
ထို့ကြောင့် ကောဇာသက္ကရာဇ် ( ၂၃၆ ) ခုနှစ် ခရစ်ဘီစီ ( ၂၉၄ ) ခုနှစ်ဝယ် တတိယ ဓည၀တီမြို့တော်စံ ဘုရင်သူရိယစက္ကမင်း၏ ညွှန်ကြားလွှာ စာသ၀ဏ်နှင့် ဘုရားရှင်၏ (နံတော်ဓာတ်) မြတ်ကို ရောဟ ကုဋပဗ္ဗတတောင်၌ တည်ထားရန် ရရှိလေသော သံတွဲမြို့စား (ဓမ္မသူရ အမတ်ကြီး)သည် ၀မ်းမြောက်သာဓုခေါ်ဆိုလျက် ဘုရားဗျာဒိတ်ထားရာ ထိုတောင်တော်၌ (နံတော် ဓာတ်မြတ်)ကို စေတီတည်ထားလျက် ဘုရားပွဲတော်ကြီးကို ခမ်းနားကြီးကျယ်စွာဖြင့် ဆင်ယင်ကျာင်းပတော် မူပေးခဲ့သည်။ ထိုနောက် နှစ်ပေါင်းများစွာကြာလွန်ပြီးနောက် ဟောင်းနွမ်းပြိုပျက်နေသော အံတော်စေတီ၊ နံတော်စေတီ၊ ဆံတော် စေတီတော် မြတ်တို့အား မြောက်ဦးခေတ်ကာလာ (မင်းဗာဘုရင်) သည် ကောဇာသက္ကရာဇ် (၈၈၇) ခုနှစ် ခရစ်အေဒီ (၁၅၂၅) ခုနှစ်တွင် ထိုစေတီတော်များအား ကြီးမားသော စေတီများအဖြစ် ပြန်လည်မွမ်းမံပြုပြင် တည်ထားပြီး ဘုရားပွဲတော်ကြီးကို ကျင်းပခဲ့တော်မူလေတော့သည်။
သို့ဖြစ်လေသောကြောင့် ( နံရိုးတော်ဓာတ်) စေတီတည်အံ့သောငှာ ဗျာဒိတ်ထားခဲ့ကြောင်းကို ဘုရားသမိုင်း လင်္ကတော်၌ တွေ့ရှိရသည်မှာ [ တဖြာထိုက၊ ၀ါသုရဟု၊ နာမထွန်းပြောင်၊ အံတော်တောင်မှ၊ နောင်ဆောင် ခန်းဝါ၊ ယူဇနာဝက်၊ ကွာလျက်တမူ၊ ရောဟကူတွင်၊ ငါလျှင်စင်စစ်၊ ခါမင်းဖြစ်၏၊ ပွင့်သစ်ရောင်ဖြာ၊ ယင်းတောင်ချာတွင်၊ မြတ်စွာဘုန်းလူ၊ လွန်တော်မူသော်၊ ၀ှမ်းဆူကျော်လတ်၊ (နံရိုးဓာတ်)ကို၊ လေးမြတ်ယုံကြည်၊ စေတီတည်ရာ၊ ထိုဒေသာကိ၊ နံတော်ခေါ်အံ့)ဟူ၍ ပင်လျှင် ဖော်ပြထားလေသည်။ သို့ဖြစ်၍ ထိုစေတီတော်အနီးရှိရွာကို ယနေ့ထိတိုင် (နံတော်ရွာ) ဟု ခေါ်ဆိုကြလေတော့သည်။
ကိုးကား - ဓည၀တီအောင်ဇေယျ (မြောက်ဦး) - ရက္ခပူရကြေးမုံကျမ်း
No comments:
Post a Comment