Choose Font Here

Wednesday, June 17, 2015

သမိုင်း၀င်မြမဉ္ဖူစေတီတော် ( HIstoric Max Myinzu Pagoda)




သမိုင်း၀င်မြမဉ္ဖူစေတီတော်


သမိုင်း၀င် မြမဉ္ဖူစေတီတော်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာ၀တီ အရှေ့ဘက်ကမ်း၊ မိုင်းနာ ရွာထိပ်ရှိ ကုန်းတော်ပေါ်၌ ကိန်း၀ပ်တော်မူလျက်ရှိသည်။ ဆရာတော်ကြီးများ၏ အဆိုအမိန့်ကို ကိုးကားရည်ညွှန်း၍ ရှေးမြန်မာများ လက်ထက်စစ်သူကြီး ရွေလှံဗိုလ်သည် ယူနန်ပြည်နယ်သို့ စစ်ချီသွားရာ ဤနေရာ၌ ခေတ္တရပ်နားနေစဉ် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်ဟု မှတ်တမ်းကဗျည်းရေးထိုးထားသည်။

ဧရာ၀တီမြစ်ကူးတံတား (ဗလမင်းထင်တံတား) တည်ဆောက်ရန်အတွက် မြေအနေအထားကို ကြည့်ရှုစစ်ဆေးစဉ်ကာလ ဧရာ၀တီမြစ်အရှေ့ဘက်ကမ်း မိုင်းနာရွာထိပ်တောင်ကုန်းအား ရှင်းလင်းစစ်ဆေးရာ မမျှော်လင့်ဘဲ ယိုယွင်း ပျက်စီးနေသည့် သမိုင်း၀င်မြမဉ္ဖူစေတီဟောင်းကို တွေ့လိုက်ကြရသည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ပန္နက်တင် မင်္ဂလာကျင်းပကာ စေတီတော်ကို စတင်တည်ထားခဲ့သည်။ မူလရှိပြီး ဖြစ်သော ဌာပနာများကို ငုံလျက် စေတီတော်ကို တည်ထားခဲ့ခြင်း ဖြစ်သည်။

၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရွေထီးတော်တင် မင်္ဂလာကျင်းပခဲ့သည်။ ဉာဏ်တော် ၅၄ ပေ မြင့်သော စေတီတော်ကို လုံးတော်ပြည့်ရွေသင်္ကန်းကပ်လှူထားပြီး စေတီရံ ရှစ်ဆူကို တည်ထားခြင်းကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဗလမင်းထင်တံတား၏ အရှေ့ဘက်ကမ်းဦးစေတီအဖြစ်တင့်တယ်သပ္ပာယ်စွာ ကိန်း၀ပ်တော်မူလက်ရှိသည်။



Historic Mya Myinzu Pagoda

The historic Mya Myinzu Pagoda is situated on a hill at the head of Minah Village, on the east bank of the Ayeyawaddy River in Myitkyina, Kachin State. According to the Sayadaws, during the time of ancient Myanmar kings, warrior Shwe Hlan Bo, while on a military mission to Yunnan, stopped for some time at the place and he had the pagoda built. Record plaques are said to exist.

While surveys were being conducted to build the Bala Min Htin Bridge across the Ayeyawaddy, engineers examining the lay of the land, cleared the bushes and while so doing, discovered the pagoda by surprise, lying as a heap of bricks.

Under instructions from the Head of State, the stake-driving ceremony was held on 15th December 1996, and the building of the pagoda was started, encasing the original relics.

The ceremony for hoisting the golden umbrella was held on 2nd February 1998. The pagoda, which stands 54 feet, was totally gilt. Eight small encircling pagodas were built and the pagoda today is resplendent as the ThadaU (head of bridge pagoda) at the east end of the Bala Min Htin Bridge in Myitkyina, Kachin State.

ကိုးကား - ဦးမြလှိုင် (မြန်မာပြည်ရှေးဟောင်းဘုရားစေတီပုထိုးများ volume - 2)
Reference - U Mya Hlaing (Ancient Pagodas In Myanmar Volume - 2)

Sunday, June 14, 2015

ရွှေစည်းခုံစေတီတော် (Shwe Si Khone Pagoda, Bagan)


ရွှေစည်းခုံစေတီတော်

ရွှေစည်းခုံစေတီကို အေဒီ (၁၀၆၀)တွင် အနော်ရထာမင်း စတင်တည်ခဲ့ပြီး အပြီးမသတ်၍ ကျန်စစ်သားမင်း အေဒီ (၁၀၈၄ - ၁၁၁၃) က ဆက်လက်တည်ရာ အေဒီ (၁၀၉၀)တွင် ပြီးစီးခဲ့သည်။

အနော်ရထာမင်းသည် သရေခေတ္တရာရှိ ဒွတ္တဘောင်မင်းကြီး၏ စေတီကိုဖျက်၍ မြတ်စွာဘုရား၏ နဖူးသင်းကျစ်တော်နှင့် မြဆင်းတုတော်တို့ကို ယူဆောင်ကာ ရွှေစည်းခုံစေတီတွင် ဌာပနာခဲ့သည်။ ထို့ပြင် အနော်ရထာမင်းသည် သီဟိုဠ် (ယခုသီရိလင်္ကာ) ဘုရင် ၀ိဇယဘာဟု (၁) ဆက်သလိုက်သော စွယ်တော်ကိုလည်း ရွှေစည်းခုံစေတီတွင် ထပ်မံဌာပနာခဲ့သည်။

ရွှေစည်းခုံစေတီအောက်ခြေတွင် ပစ္စယံသုံးဆင့်ရှိပြီး ပစ္စယံသုံးဆင့်အထက်တွင် ရှစ်ထောင့်ကြာဝန်း ကျည်းဝန်း၊ ခေါင်းလောင်းပုံ၊ ရင်စည်း၊ သပိတ်မှောက်၊ ဖောင်းရစ် အဆင့်ဆင့်၊ ကြာမှောက်၊ ရွဲ၊ ကြာလန်၊ ပဉ္စ လောဟာချရားသီး၊ ထီးအဆင့်ဆင့်ဖြင့် တည်ဆောက်ထားသည်။ ရွှေစည်းခုံစေတီတော်၏ ပစ္စယံအဆင့်ဆင့်တွင် စဥ့်စိမ်းသုတ်အုပ်ချပ်များဖြင့် ပြုလုပ်ထားသော (၅၅၀) ဇာတ်များကို ဇာတ်အမည်၊ နံပါတ်များနှင့်တကွတွေ့ရသည်။

ရွှေစည်းခုံစေတီ၏ မျက်နှာလေးဘက်တွင် ကြေးဂူတိုက်လေးတိုက်ရှိပြီး ထိုတိုက်များထဲတွင် (၃.၉၀)မီတာ (၁.၂၈)ပေခန့်အမြင့်ရှိ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော် ကြေးဆင်းတု (အဘယမုဒြာနှင့် ၀ရဒမုဒြာ) များရှိသည်။ ပုဂံခေတ် ကြေးသွန်း ကြေးခတ်နည်း (ပန်းတည်းပညာ) ကို လေ့လာနိုင်သည်။

ရွှေစည်းခုံစေတီတော်၏ အရှေ့ဘက်မုခ်တွင် ရှေးမွန်ဘာသာဖြင့် ရေးထိုးထားသည့် ကျန်စစ်သားမင်း အေဒီ (၁၀၈၄ - ၁၁၁၃)၏ နန်းတက်အမိန့်တော် ပြန်တမ်းကျောက်စာတိုင် နှစ်တိုင်ရှိသည်။ ထိုကျောက်စာတွင် ကျန်စစ်သားမင်းသည် ဘုရားလက်ထက်၌ ဗိဿနိုးဖြစ်ခဲ့ပြီး နောင်အခါ အရိမဒ္ဒနပူရပြည်တွင် တရားစောင့်သော မင်းဖြစ်လာမည်ဟု ဘုရားက ဗျာဒိတ်ပေးခဲ့ကြောင်း၊ တိုင်းသူပြည်သားတို့ကို ကြင်နာစွာ အုပ်ချုပ်မည့်အကြောင်း ရေးထိုးထားသည်။

ဟံသာဝတီ ဘုရင့်နောင်ကျော်ထင်အနော်ရထာ အေဒီ (၁၅၅၀ - ၁၅၈၁) သည် ရွှေစည်းခုံစေတီကို ရွှေသင်္ကန်းကပ်ခဲ့ပြီးထိုအကြောင်းကို (၂၃) မေ၊ (၁၅၅၇)က လှူခဲ့သည့် (၂၁၀၀) ပိဿာ (၃.၁၈) တန်ရှိ ကုသိုလ်တော် ခေါင်းလောင်းစာတွင် ဖော်ပြခဲ့သည်။

ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း အေဒီ (၁၇၆၃ - ၁၇၆၆) သည် (၃၀) မေ၊ (၁၇၆၈) တွင် ရွှေစည်းခုံစေတီကို ထီးတော်တင်ပြီး ၄င်း၏အလှူဒါနကို ရေးထိုးထားသည့် မော်ကွန်း ကျောက်စာရှိသည်။ ရွှေစည်းခုံစေတီရင်ပြင်ရှိ အုတ်ဇရပ်အတွင်းရှိ ပုဂံခေတ်က ထုလုပ်ခဲ့သည့် ဗုဒ္ဓခြေတော်ရာ၊ သစ်သားပန်းပု၊ သိကြားရုပ်နှင့် သစ်သားပန်းပုတံခါးရွက်တို့ကို လေ့လာနိုင်သည်။ ရွှေစည်းခုံစေတီ ပန္နက်ရိုက်ရာ၌ အခြေပြုသည် ပန္နက်သဲဂူ၊ အုတ်ဇလားဂူတို့လည်း ရှိသည်။ ရွှေစည်းခုံစေတီသည် အတွင်းအံ့ကိုးပါး၊ အပြင်အံ့ကိုးပါးနှင့် ပြည့်စုံသည်ဟု ယုံကြည်ကြသည်။

အတွင်းအံ့ကိုးပါးမှာ -
၁။ ထီးတော်သည် ကြိုးမဆိုင်းရဘဲခိုင်မြဲခြင်း၊
၂။ စေတီ၏အရိပ်သည် တံတိုင်းအပြင်သို့မရောက်ခြင်း၊
၃။ စေတီ၏ထိပ်မှ ရွှေစက္ကူပစ်ချလျှင် အပြင်သို့မရောက်ခြင်း၊
၎။ စေတီ၏မဟာရံတံတိုင်းအတွင်း လူမည်မျှများများ ပြည့်ကျပ်မနေခြင်း၊
၅။ စေတီကို ဆွမ်းဦးအောင် မတင်နိုင်ခြင်း၊
၆။ စေတီ၏အမြင့်သည် အရှိထက်ပိုမြင့်သည်ဟု ထင်ရခြင်း၊
၇။ စေတီ၏ တစ်ဖက်မှတီးသောစည်သံကို အခြားတစ်ဖက်မှ မကြားရခြင်း၊
၈။ မဟာရံတံတိုင်းအတွင်း မိုးရေမတင်ခြင်း၊
၉။ စေတီရှိခရေပင်တို့သည် တစ်နှစ်ပတ်လုံးပွင့်ခြင်းတို့ဖြစ်ပြီး

အပြင်အံ့ကိုးပါးမှာ -
၁။ ဧရာဝတီမြစ်ကမ်းစပ်ရေစီးအတွင်း စွယ်တော်တင်လာသည့် ဆင်ဖြူတော်ဝပ်သည့်နေရာ သောင်ဖြစ်လာခြင်း၊
၂။ ထိုသဲသောင်တို့သည် ကျောက်ဖြစ်လာခြင်း၊
၃။ ဧရာဝတီမြစ်ရေသည် စေတီတော်ကို ဦးခိုက်ရစ်ဝဲစီးဆင်းခြင်း၊
၎။ မဟာရံတံတိုင်းသည် ရှစ်ပယ် (၁၄.၁၆) ဧက ကျယ်ဝန်းခြင်း၊
၅။ စေတီတည်ရာတွင် တုရင်းတောင်မှ ကျောက်များကို ပုဂံပြည်သူတို့လက်ဆင့်ကမ်းသယ်ခြင်း၊
၆။ ကျောက်သယ်သည့်သူများ အရိပ်ရရန်မန်ကျည်းပင်များ ချက်ခြင်းပေါက်ခြင်း၊
၇။ ကျောက်သယ်အပြီး မန်ကျည်းပင်များကွယ်ပျောက်ခြင်း၊
၈။ ရွှေစည်းခုံစေတီအရှေ့မျက်နှာစာ လှေကားအနီးရှိ ရေမှန်အတွင်း၌ စေတီအရိပ်ထင်ခြင်း၊
၉။ စေတီကို အဝေးမှကြည့်ပါက ကုန်းမြင့်ပေါ်တွင် တည်ထားသည်ဟု ထင်ရခြင်းတို့ ဖြစ်သည်။

ကိုးကား - ဦးမောင်မောင်-ရန်ကုန်တက္ကသိုလ် (ဘီအေ)သမိုင်း (မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ပုဂံစေတီပုထိုးများ)

Friday, June 12, 2015

ရွှေနံတော်စေတီတော်ဘုရား (Shwe Nan Daw Pagoda, San Daway Town)

နံတော်စေတီတော်သမိုင်း

          မြတ်စွာဘုရားရှင်သည် ထိုတန့်တော်မူဗာသုတတောင်တော်မှပင်လျှင် [ချစ်သား သာရိပုတ္တရား၊ ၀ါသုရတောင်မှ နှစ်ဂါဝုဒ်ခန့်အကွာတွင် (ရောဟကုဋပဗ္ဗတ) တောင်သည် ရှိ၏။ ထိုတောင်တော်၌ တစ်ဖန် ငါဘုရားရှင်သည် ရှေးအတိတ်ဘ၀က (ခါမင်း) တဇစ်ဖြစ်ခဲ့ဖူးလေသည်။ ထို့ကြောင့် ပင်လျှင် နောင်သောအခါ ထိုတောင်တော်၌ ငါဘုရား၏ (နံရိုးတော်ဓာတ်)ကို စေတီတည်ထားကြလေ၍ (နံတော်စေတီ) ဟူ၍ ခေါ်တွင်ကြလတ္တံ့] ဟူ၍ ဗျာဒိတ်ထားတော်မူလေသည်။
      ထို့ကြောင့် ကောဇာသက္ကရာဇ် ( ၂၃၆ ) ခုနှစ် ခရစ်ဘီစီ ( ၂၉၄ ) ခုနှစ်ဝယ် တတိယ ဓည၀တီမြို့တော်စံ ဘုရင်သူရိယစက္ကမင်း၏ ညွှန်ကြားလွှာ စာသ၀ဏ်နှင့် ဘုရားရှင်၏ (နံတော်ဓာတ်) မြတ်ကို ရောဟ ကုဋပဗ္ဗတတောင်၌ တည်ထားရန် ရရှိလေသော သံတွဲမြို့စား (ဓမ္မသူရ အမတ်ကြီး)သည် ၀မ်းမြောက်သာဓုခေါ်ဆိုလျက် ဘုရားဗျာဒိတ်ထားရာ ထိုတောင်တော်၌ (နံတော် ဓာတ်မြတ်)ကို စေတီတည်ထားလျက် ဘုရားပွဲတော်ကြီးကို ခမ်းနားကြီးကျယ်စွာဖြင့် ဆင်ယင်ကျာင်းပတော် မူပေးခဲ့သည်။ ထိုနောက် နှစ်ပေါင်းများစွာကြာလွန်ပြီးနောက် ဟောင်းနွမ်းပြိုပျက်နေသော အံတော်စေတီ၊ နံတော်စေတီ၊ ဆံတော် စေတီတော် မြတ်တို့အား မြောက်ဦးခေတ်ကာလာ (မင်းဗာဘုရင်) သည် ကောဇာသက္ကရာဇ် (၈၈၇) ခုနှစ် ခရစ်အေဒီ (၁၅၂၅) ခုနှစ်တွင် ထိုစေတီတော်များအား ကြီးမားသော စေတီများအဖြစ် ပြန်လည်မွမ်းမံပြုပြင် တည်ထားပြီး ဘုရားပွဲတော်ကြီးကို ကျင်းပခဲ့တော်မူလေတော့သည်။

       သို့ဖြစ်လေသောကြောင့် ( နံရိုးတော်ဓာတ်) စေတီတည်အံ့သောငှာ ဗျာဒိတ်ထားခဲ့ကြောင်းကို ဘုရားသမိုင်း လင်္ကတော်၌ တွေ့ရှိရသည်မှာ [ တဖြာထိုက၊ ၀ါသုရဟု၊ နာမထွန်းပြောင်၊ အံတော်တောင်မှ၊ နောင်ဆောင် ခန်းဝါ၊ ယူဇနာဝက်၊ ကွာလျက်တမူ၊ ရောဟကူတွင်၊ ငါလျှင်စင်စစ်၊ ခါမင်းဖြစ်၏၊ ပွင့်သစ်ရောင်ဖြာ၊ ယင်းတောင်ချာတွင်၊ မြတ်စွာဘုန်းလူ၊ လွန်တော်မူသော်၊ ၀ှမ်းဆူကျော်လတ်၊ (နံရိုးဓာတ်)ကို၊ လေးမြတ်ယုံကြည်၊ စေတီတည်ရာ၊ ထိုဒေသာကိ၊ နံတော်ခေါ်အံ့)ဟူ၍ ပင်လျှင် ဖော်ပြထားလေသည်။ သို့ဖြစ်၍ ထိုစေတီတော်အနီးရှိရွာကို ယနေ့ထိတိုင် (နံတော်ရွာ) ဟု ခေါ်ဆိုကြလေတော့သည်။

ကိုးကား - ဓည၀တီအောင်ဇေယျ (မြောက်ဦး) - ရက္ခပူရကြေးမုံကျမ်း